ကောင်းကင်နှင့်မြေကြီးဖန်ဆင်းရှင်ဖြစ်သောအနန္တတန်ခိုးရှင်
ခမည်းတော်ဘုရားသခင်ကို အကျွန်ုပ် ယုံကြည်ပါ၏။
အထက်သို့ မျှော်ကြည့်ကြလော့။ ထိုအရာသည်တို့ကို အဘယ်သူဖန်ဆင်း သနည်း။ ထိုသူသည် သူတို့အလုံးအရင်းကိုအရေအတွက် အားဖြင့် ထုတ်ဆောင်တော်မူ၏။ အလုံးစုံတို့ကို နာမည်ဖြင့် ခေါ်တော်မူ၏။ ခွန်အားကြီး၍ တန်ခိုးနှင့် ပြည့်စုံတော်မူသောကြောင့်၊ တစုံတခုမျှမပေါ်ဘဲမနေရ။ထာဝရဘုရားသည်အစဉ်အမြဲ တည်တော်မူသော ဘုရားသခင် ဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသော အရှင်ဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း၊ ပင်ပန်းတော်မူခြင်းမရှိ၊ စစ်၍မကုန်နိုင်သော ဥာဏ်နှင့် ပြည့်စုံ တော်မူကြောင်းကိုင်း၊ သင်သည်မသိမကြားဘူးသလော။(ဟေရှာယ ၄၀း၂၆၊၂၈ )
သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေယူ၍ အပျိုကညာစင်မာရိမှ မွေးဖွားလာသူ၊ ဘုရားသခင်၏ တပါးတည်းသော သားတော်၊ ကျွန်ုပ်တို့၏ သခင်၊ ယေရှုခရစ်ကို အကျွန်ုပ်ယုံကြည်ပါ၏။
ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံ့ခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့်ရှေ့တော်၌ မျက်နှာရပြီ။ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကိုဘွားမြင်လိမ့်မည်။ ထိုသားကိုယေရှုအမည်ဖြင့် မှည့်ရမည်။ ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရား၏သားတော်ဟု ခေါ်ဝေါ် သမုတ်ခြင်းကို ခံရလိမ့်မည်။ သူ့အဘ ဒါဝိဒ်၏ ရာဇပလ္လင်ကို ထာဝရအရှင် ဘုရားသခင်သည် သူ့အားပေးတော်မူမည်။ထိုသူသည်လည်း ယာကုပ်အမျိုးအနွှယ်ကို အစဉ်မပြတ်အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရဟု ပြောဆို၏။ မာရိကလည်း၊ ဤအမှုအရာသည် အဘယ်သို့ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျား နှင့်မဆက်ဆံ ပါဟု ကောင်းကင်တမန်အား ပြန်ပြော၏။ ကောင်းကင်တမန်ကလည်း သန့်ရှင်းသော ဝိညာဉ်တော်သည် သင်၏ အပေါ်မှာသက်ရောက် တော်မူ၍၊ အမြင့်ဆုံးသော ဘုရား၏ တန်ခိုးအာနုဘော် တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသော သားသည်လည်း ဘုရားသခင်၏ သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ (လုကာ ၁း၃၀-၃၅ )
ကိုယ်တော်သည် ပု န္တိပိလတ်မင်းလက်၌ ညှင်းပန်းနှိပ်စက်ခြင်းခံရပြီး၊ ကားတိုင်ပေါ်တင်ဆွဲခြင်း၊အသေသတ်ခြင်း၊ သင်္ဂြိုလ်ခြင်းကို ခံရကာ သေခြင်းတရားကြုံတွေ့သည့်နောက် သုံးရက်မြောက်သော နေ့၌ ရှင်ပြန်ထမြောက်ခဲ့ကြောင်း
ထိုနေ့အချိန်ကား၊ ပသခါအဘိတ်နေ့ တချက်တီးအချိန်လောက်ရှိ၏။ ပိလတ်မင်းကလည်း၊ သင်တို့၏ရှင်ဘုရင်ကို ကြည့်ကြ လော့ဟု ယုဒလူတို့အား ပြောဆိုလျှင်၊ ထိုသူကိုထုတ်ပါ။ ထုတ်ပါ။ လက်ဝါးကပ်တိုင်မှာ ရိုက်ထားပါဟု လူများ ဟစ်ကြော် ကြ၏။ ပိလတ်မင်း ကလည်း သင်တို့၏ရှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားရမည် လောဟု မေးပြန်လျှင်၊ ယဇ်ပုရောဟိတ်အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာဘုရင်မှတပါး အဘယ်ရှင်ဘုရင် မှမျှရှိပါဟု ပြန်ပြောကြ၏။ ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်မှာ ရိုက်ထားစေခြင်းငှါ ထိုသူတို့လက်သို့အပ်သဖြင့်၊ သူတို့သည် ကိုယ်တော်ကို ယူ၍ ထုတ်သွားကြ၏။ ( ယောဟန် ၁၉း၁၄-၁၆ )
ခရစ်တော်သည် ကိုယ်ခန္ဓွာအားဖြင့် အသေသတ်ခြင်းကိုခံ၍ ဝိညာဉ်တော် အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်တော်မူ သည်ဖြစ်၍ ငါတို့ကို ဘုရားသခင့်အထံတော်သို့ ပို့ဆောင်ခြင်းငှါ၊ ဖြောင့်မတ်တော်မူသောသူသည် မဖြောင့်မတ်သောသူတို့ အတွက် ဒုစရိုက် အပြစ်များကြောင့် တခါခံတော် မူ၏။ ထိုဝိညာဉ်တော်အားဖြင့်လည်း ကြွသွားတော်မူ၍ ယခု ထောင်ထဲမှာ လှောင်ထားသော ဝိညာဉ်တို့အား တရားဟောတော်မူ၏။ ( ၁ ပေတရု ၃း၁၈၊၁၉ )
ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား ရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည် အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။ ( ၁ ကော ၁၅း၃၊၄)
ကိုယ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ခမည်းတော်၏ လက်ယာဘက်၌ ထိုင်တော်မူကြောင်း
ခပ်သိမ်းသော အထွဋ်အမြတ်၊ အာဏာစက်၊ တန်ခိုး၊ အစိုးရ ခြင်းမှစ၍၊ ယခုဘဝ နောင်ဘဝ၌ ခေါ်ဝေါ်သမုတ်သောဘွဲ့ နာမအလုံးစုံ တို့အထက်၊ ကောင်းကင်အရပ်၌ မိမိလက်ျာတော်ဘက်မှာ အလွန်မြင့်မြတ်သော နေရာကို ခရစ်တော်အား ပေးတော်မူ၍၊ ခြေဘဝါးတော် အောက်သို့ အလုံးစုံ တို့ကို ချထားသဖြင့်၊ အသင်းတော်အဘို့ အလိုငှါ၊ သူ့ကိုအလုံးစုံတို့၏ အချုပ်အခြာ ဦးခေါင်းဖြစ်စေတော်မူ၏။ ( ဧဖက် ၁း၁၉၊၂၀ )
အသက်ရှင်သောသူနှင့် သေသောသူအားလုံးကို တရားစီရင်ဖို့ရန် ပြန်လည်ဆင်းကြွလာတော်မူမည် ဖြစ်ကြောင်း အကျွန်ုပ်ယုံကြည်ပါ၏။
ကိုယ်တော်တိုင် ပေါ်ထွန်း၍ နိုင်ငံတော်ထင်ရှားသောကာလ၊ အသက်ရှင်သောသူ၊ သေသောသူတို့ကို စစ်ကြောစီရင် တော်မူသော သခင်ယေရှုခရစ်ရှေ့မှာ၎င်း၊ဘုရားသခင့်ရှေ့မှာ၎င်း၊ ငါသည်သင့်ကိုသစ္စာပေးသည်ကား( ၂တိမောသေ ၄း၁ )
အကျွန်ုပ်သည် သန့်ရှင်းသော ဝိညာဉ်တော်ကိုသော်၎င်း
ငါသည်ခမည်းတော်ကိုတောင်း၍၊ ခမည်းတော်သည် သမ္မာတရားကိုပြသော ဝိညာဉ်တော်တည်းဟူသော တပါးသောဥပဇ္ဈယ် ဆရာကိုသင်တို့နှင့် အတူ အစဉ်မပြတ် တည်နေစေခြင်းငှါ သင်တို့အားပေးတော်မူမည်။ ထိုဝိညာဉ်တော်ကို လောကီသား တို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထိုဝိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍၊ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့သိရကြ၏။ ( ယောဟန် ၁၄း၁၆-၁၇ )
စကြာဝဠာတစ်ခုလုံးဆိုင်ရာ သန့်ရှင်းသောအသင်းတော်ကိုသော်၎င်း
ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။(( မ ၁၆း၁၈ )
သန့်ရှင်းသူများ၏ မိတ်သဟာရကို သော်၎င်း
ငါတို့သည် ခမည်းတော်နှင့်၎င်း၊ သားတော်ယေရှုခရစ်နှင့်၎င်း၊ မိဿဟာယဖွဲ့ရသည်ဖြစ်၍၊ သင်တို့သည် ငါတို့နှင့် မိဿဟာယ ဖွဲ့စေခြင်းငှါ၊ ငါတို့ကြားမြင်ရသောအရာကို သင်တို့အားပြသကြ၏။ (၁ယောဟန် ၁း၃ )
အပြစ်ခွင့်လွတ်ခြင်းကိုသော်၎င်း
ထိုကြောင့် ညီအစ်ကိုတို့၊ ထိုသခင်၏ကျေးဇူးတော်ကြောင့် အပြစ်လွတ်ခြင်းတရားကို သင်တို့အား ဟောကြားသည်ကို၎င်း၊ ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် မောရှေ၏တရားအတိုင်း မလွတ်နိုင် သောအပြစ်ရှိသမျှတို့နှင့်လွတ်ရကြ သည်ကို၎င်း သိမှတ်ကြလော့။ ( တမန်တော် ၁၃း၃၈၊၃၉ )
ခန္ဓာထမြောက်ခြင်းအကြောင်းကိုသော်၎င်း
ငါတို့ကျင့်သော အကျင့်မူကား၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျက်ရှိ၏။ ကယ်တင် တော်မူသော အရှင်သခင် ယေရှုခရစ်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မြော်လင့်လျက် နေကြ၏။ ထိုသခင်သည် ခပ်သိမ်းသောအရာကိုပင် မိမိအောက်၌ နှိမ့်ချနိုင်တော်မူသော ပြုပြင်အားထုတ်ခြင်း အားဖြင့် ယုတ်ညံ့သော ငါတို့၏ကိုယ်ခန္ဓွာကိုပင် ဘုန်းအသရေနှင့် ပြည့်စုံသော ကိုယ်ခန္ဓွာတော်၏ နည်းတူ ဖြစ်စေခြင်းငှါ အသစ် ပြင်ဆင်တော်မူလတံ့။ ( ဖိလိ ၃း၂၀၊၂၁ )
ထာဝရအသက်ရှင်ခြင်းအကြောင်းကို သော်၎င်း ယုံကြည်ပါ၏။
ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင် သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ ( ယောဟန် ၃း၁၆ )
အာမင်။
Translated by: or by phone: +614 7704 0815 or +613 8394 2561